infoselebb.my.id: အာဏာသိမ်းစစ်တပ်၏ လူမှုကွန်ရက်စာမျက်နှာကို Facebook ဖယ်ရှား - Today Now

အာဏာသိမ်းစစ်တပ်၏ လူမှုကွန်ရက်စာမျက်နှာကို Facebook ဖယ်ရှား

Posting Komentar



စစ်တပ်၏ သတင်းထုတ်ပြန်ချက်များကို ကြေညာပေးနေသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ လူမှုကွန်ရက်စာမျက်နှာကို Facebook ပေါ်မှ ဖယ်ရှားလိုက်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၁) တွင် ယင်းကုမ္ပဏီက ထုတ်ပြန်သည်။

“ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာ မူဝါဒတွေနဲ့အညီ Facebook ရဲ့ လူမှုစံနှုန်းမှာ တားမြစ်ထားတဲ့ အကြမ်းဖက်လှုံ့ဆော်ခြင်းနဲ့ ထိခိုက်မှုဖြစ်အောင် စုစည်းကြံစည်ခြင်း မူဝါဒတွေကို ထပ်ခါထပ်ခါ ဖောက်ဖျက်မှုတို့ကြောင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာကို Facebook ကနေ ဖယ်ရှားလိုက်ပါတယ်” လို့ ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

တပ်မတော်သည် ဖေဖော်ဝါရီ ၁ တွင် အရပ်သားအစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်း၍ နိုင်ငံတော်အချုပ်အခြာအာဏာကို သိမ်းယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသည် မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်းမှားယွင်းမှုများကို တာဝန်ယူမဖြေရှင်းဘဲ နိုင်ငံတော်အာဏာကို ရယူရန် ကြိုးစားသည်ဟု စွပ်စွဲကာ အခြေအနေကို ထိန်းသိမ်းရန် မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရသည်ဟု တပ်မတော်က အကြောင်းပြသည်။

အာဏာသိမ်းယူပြီး ရက်ပိုင်းအကြာတွင် အာဏာသိမ်းယူမှုကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများ နိုင်ငံတစ်ဝန်း လူထုအုံကြွမှုအသွင်ဖြင့် ပေါ်ပေါက်လာခဲ့ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာကိုလည်း ဖြုတ်ချပေးရန် Facebook အသုံးပြုအများအပြားက တောင်းဆိုခဲ့ကြသည်။

၂၀၂၀ ဇွန်တွင် စတင်ပြုလုပ်ခဲ့ပြီး ‘Like’ ပြုလုပ်ထားသူ သိန်းချီရှိသည့် အဆိုပါစာမျက်နှာသည် အာဏာသိမ်းပြီးနောက် Facebook ၏ မူဝါဒများကို အကြိမ်ကြိမ်ချိုးဖောက်သည်ဟုလည်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Facebook ၏ အရေးယူမှုနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

Facebook သည်  တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တပ်မတော်ထိပ်တန်းခေါင်းဆောင်များနှင့် စစ်တပ်အဖွဲ့အစည်းများ၏ စာမျက်နှာပေါင်း ၂၀ ကိုလည်း ၂၀၁၈ ဩဂုတ်လတွင် ဖြုတ်ချခဲ့ဖူးသည်။ ထိုသို့ဖြုတ်ချခဲ့ခြင်းသည် အပြီးအပိုင်ဖယ်ရှားခြင်း ဖြစ်သည်ဟုလည်း ထိုအချိန်က ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။​

ထို့နောက် ၂၀၁၈ ဒီဇင်ဘာတွင် “ဇာတ်တိုက်ထားသော မရိုးမသား အပြုအမှုများ” ပြုလုပ်သည်ဆိုကာ စစ်တပ်နှင့် ဆက်နွယ်နေသည့် စာမျက်နှာရာချီကိုလည်း ထပ်မံ ဖြုတ်ချခဲ့သည်။

၂၀၁၇ နှင့် ၂၀၁၈ ကာလများအတွင်း Facebook သည် လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များအပေါ် အကြမ်းဖက်မှုနှင့် တိုက်ခိုက်မှုကို လှုံ့ဆော်အားပေးသည့် မုန်းတီးရေးစကားများကို စနစ်တကျ စိစစ်အရေးယူရန် ပျက်ကွက်ခဲ့သဖြင့် အမေရိကန်ပြည်ထောင်စုအခြေစိုက် အင်အားအကြီးဆုံး လူမှုကွန်ရက်ကုမ္ပဏီ Facebook သည် အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။

ထိုသို့ဝေဖန်မှုများကြောင့် Facebook သည် နောက်ပိုင်းတွင် ပြည်တွင်းအခြေစိုက် ဒီဂျစ်တယ်အခွင့်အရေးလှုပ်ရှားသူများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အကြောင်းအရာများအပေါ် ယခင်ထက် အရေးတယူရှိလာခဲ့သည်။. (myanmar.org)

Related Posts

Posting Komentar

Subscribe Our Newsletter