ငွေကြေးနှင့် ငွေပေးချေမှုစနစ်အပါအဝင် ငွေရေးကြေးရေးကဏ္ဍအတွက် အဓိကအကျဆုံး အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ရုံးမှ ဝန်ထမ်းပေါင်း ၁၀ ရာခိုင်နှုန်းကျော်သည် စစ်ကောင်စီကို ဆန့်ကျင်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်လျက်ရှိသည်။
ရန်ကုန်ရုံး ဝန်ထမ်းအင်အား ၁,၀၀၀ ကျော်အနက် ဝန်ထမ်း ၁၂၀ ကျော်သည် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း အမှားအယွင်းများသည်ဟူသော အကြောင်းပြချက်ဖြင့် အာဏာသိမ်းယူခဲ့သည့် စစ်ကောင်စီကို ဆန့်ကျင်အံတုနေသည်ဟု ထိုလှုပ်ရှားမှုတွင်ပါဝင်နေသည့် ဗဟိုဘဏ်ဝန်ထမ်းတစ်ဦးက Myanmar Now ကိုပြောသည်။
“ကျွန်မတို့လိုချင်တာက ကျွန်မတို့ မဲပေးထားတဲ့ အစိုးရကိုပဲ လိုချင်တာ။ အခု မတရား သိမ်းပိုက်ထားတဲ့လူကို လက်မခံချင်ဘူး။ အခု CDM လုပ်တယ်ဆိုတာက အဓိက အဲ့ဒါကြောင့်ပဲ။ အဏာသိမ်းအစိုးရရဲ့လက်အောက်မှာ အလုပ်မလုပ်နိုင်ဘူး။ ကျွန်မတို့ ရှုံးနိမ့်သွားခဲ့သည်ရှိသော် တစ်သက်လုံး ဝန်ထမ်း မလုပ်ဘူး” ဟု အမည်မဖော်လိုသည့် ဗဟိုဘဏ်ဝန်ထမ်းက ဖေဖော်ဝါရီ ၁၈ တွင် ပြောသည်။
ဗွေဆော်ဦးတွင် တစ်ဦးတစ်ယောက်ချင်းစီ၏ သဘောဆန္ဒအရ CDM တွင် ပါ၀င်သူ ၇၀ ကျော် ရှိပြီး နောက်ပိုင်းတွင် အင်အားပိုများလာသည်ဟု ၎င်းကဆိုသည်။
“ထမင်းမငတ်ဘူး။ ဘာမှကြောက်စရာမလိုဘူး။ ကြောက်လည်းမကြောက်ဘူး။ အခုပြောတယ်။ အဖွဲ့အစည်းတွေ ဘာတွေနဲ့ချိတ်လား။ ကျွန်မတို့က ထောက်ပံ့တဲ့ပိုက်ဆံတွေလည်းမလိုချင်ဘူး။ ကျွန်မတို့ စိတ်ထဲက အစစ်အမှန်နဲ့ လုပ်တာ။ ပိုက်ဆံကြောင့်လုပ်တယ်ဆိုပြီးအပြောမခံနိုင်ဘူး။ တစ်ချို့အဲ့လိုပြောတဲ့လူတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
အလုပ်နုတ်ထွက်ခြင်းမဟုတ်ဘဲ စစ်အုပ်ချုပ်ရေးယန္တရားအောက်တွင် တာဝန်မထမ်းဆောင်လိုသဖြင့် CDM လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ထမ်းများက ဖေဖော်ဝါရီ ၈ တွင် သတင်း ထုတ်ပြန်ထားသည်။
ငွေရေးကြေးရေးကဏ္ဍအတွက် အဓိကကျသည့်အဖွဲ့အစည်းဖြစ်ခြင်းကြောင့် CDM တွင်ပူးပေါင်းပါဝင်လျှင် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားတွင် ငွေကြေးလည်ပတ်စီးဆင်းမှုရပ်တံ့ပြီး အကျပ်အတည်းတွေ့နိုင်သည်ဟု ၀န်ထမ်းတို့က ယုံကြည်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်လက်အောက်တွင် စီမံခန့်ခွဲရေးဌာန၊ ငွေကြေးဌာန၊ ဘဏ်တွင်းစာရင်းစစ်နှင့် ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာန၊ စာရင်းဌာန၊ သုတေသနနှင့် အလုပ်သင်ကြားရေးဌာန စသည်ဖြင့် ဌာနများစွာရှိပြီး CDM လှုပ်ရှားမှုတွင် အောက်ခြေအဆင့်ဘဏ်ဝန်ထမ်းများက အဓိကပူးပေါင်းခြင်းဖြစ်ကာ ရာထူးကြီးသည့်ဝန်ထမ်းများ ပါဝင်မှုနည်းပါးသည်ဟု ဆိုသည်။
ထို့အပြင် ဗဟိုဘဏ်တွင် ခေတ်အဆက်ဆက်ဆက်က စစ်တပ်ဘက်မှ ပြောင်းရွေ့လာခဲ့သည့် မိုးကျရွှေကိုယ် ဝန်ထမ်းများစွာရှိပြီး အချို့အကြီးအကဲများသည် CDM လှုပ်ရှားမှုပြုလုပ်နေသည့် ဝန်ထမ်းများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို အကျပ်ကိုင်ပိတ်ပင်နေသည်ဟု ဝန်ထမ်းများကဆိုသည်။
ရန်ကုန် ဗဟိုဘဏ်ရုံးတွင် ဝန်ထမ်းများက လစဉ်စုဆောင်းထည့်ဝင်သည့် ငွေစုငွေချေးအဖွဲ့တစ်ခုရှိပြီး CDM လှုပ်ရှားမှုတွင်ပါဝင်နေသည့် ဗဟိုဘဏ်ဝန်ထမ်းများအနေဖြင့် စုဆောင်းထည့်ဝင်ငွေ ပြန်လည်ထုတ်ယူရာတွင် အလုပ်ထွက်စာနှင့် ငွေစုငွေကြေးအသင်းမှနှုတ်ထွက်စာတင်သွင်းရန် အကျပ်ကိုင်နေသည်ဟု အဆိုပါ အမည်မဖော်လိုသည့် ဝန်ထမ်းကပင် ဆက်ပြောသည်။
စစ်ကောင်စီသည် CDM တွင်ပါဝင်သော ဝန်ထမ်းများကို ဖမ်းဆီး၊ ဖိအားပေးနေသဖြင့် ဗဟိုဘဏ်ဝန်ထမ်းများထဲတွင် နေရာရွေ့ပြောင်းနေထိုင်သူများရှိသည့်နည်းတူ တချို့က အစိုးရဝန်ထမ်းအိမ်ရာများတွင် ဆက်လက်နေထိုင်လျက်ရှိသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးချုပ်သည် နေပြည်တော်တွင်ရှိပြီး ရန်ကုန်နှင့် မန္တလေးတို့တွင် ရုံးခွဲတစ်ခုစီရှိသည်။
ဗဟိုဘဏ် မန္တလေးရုံးခွဲတွင် ဝန်ထမ်းစုစုပေါင်း ၂၀၀ အထက်ရှိနိုင်ပြီး CDM တွင်ပါဝင်သည့် ဝန်ထမ်းစုစုပေါင်း ၅၀ ကျော်ရှိကြောင်း၊ အာဏာသိမ်းမှုကို သဘောမကျ၊ စစ်ကောင်စီကို လက်မခံသော်လည်း ကာလာရှည်ကြာလုပ်ကိုင်ခဲ့သည့်လုပ်သက်ကို နှမြောသည့်ဝန်ထမ်းများနှင့် ပင်စင်ရယူခါနီးဝန်ထမ်းများမှာ အာဏာဖီဆန်မှုတွင် မပါဝင်ကြောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။
Mya_2832.Jpg

ဖေဖေါ်ဝါရီ ၁၅ရက်နေ့က တွေ့ရသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ရုံးရှေ့မြင်ကွင်း (ဓာတ်ပုံ - Myanmar Now)
စစ်ကောင်စီက ဗဟိုဘဏ်ဒုတိယ ဥက္ကဌအဖြစ်ခန့်အပ်ခံရသူ ဦးဝင်းသော်က ဝန်ထမ်း ၈၀ ရာခိုင်နှုန်း ပုံမှန်ရုံးတက်နေပြီး နေပြည်တော်ရုံးချုပ်တွင် ၈၉ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။
အာဏာသိမ်းယူလိုက်ပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်ဦးဆောင်သည့် စစ်ကောင်စီက ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင်ကို ရာထူးမှဖယ်ရှားခဲ့သည်အပြင် ဒုတိယဥက္ကဌ တစ်ဦးဖြစ်သည့် ဦးဘိုဘိုငယ်ကို ဖမ်းဆီးထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် သီးခြား လွတ်လပ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဗဟိုဘဏ်ဥပဒေအရ ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့အဖြစ် ဥက္ကဌ ၁ ဦး၊ ဒုတိယဥက္ကဌ ၃ ဦးနှင့် အဖွဲ့ဝင်များ ၅ ဦး စုစုပေါင်း ၉ ဦးကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် သမ္မတကခန့်အပ်ရမည် ဖြစ်သည်။
ဗဟိုဘဏ် ဥက္ကဌ၏ သက်တမ်းသည် ၅ နှစ်ဖြစ်ပြီး ဒုတိယဥက္ကဌနှင့်အဖွဲ့ဝင်များသည် ၄ နှစ်ဖြစ်ပြီး၂၀၁၈ တွင် သမ္မတက အမည်စာရင်းတင်သွင်းခန့်အပ်ခဲ့သည့် ဦးကျော်ကျော်မောင်ကို စစ်ကောင်စီက ရာထူးမှ ဖယ်ရှားပြီး တပ်မတော်အစိုးရနှင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဗဟိုဘဏ် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးသန်းညိမ်းကို အစားထိုးခန့်အပ်ခဲ့သည်။
ထို့အပြင် စစ်ကောင်စီသည် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်းဆောင်နေသည့် ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေတို့ကို ဒုတိယဥက္ကဌများအဖြစ်ခန့်အပ်ခဲ့ပြီး ဒေါက်တာခင်နိုင်ဦး၊ ဦးအောင်ကျော်သန်း၊ ဦးကျော်ဝင်း၊ ဒေါက်တာလင်းအောင် စသည့်ပုဂ္ဂိုလ်များကို အဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်ရှိငွေများကို စစ်တပ်သိမ်းယူသွားသည်ဟုသော သတင်းများ ထွက်ပေါ်လာသော်လည်း မမှန်ကြောင်း စစ်ကောင်စီကခန့်အပ်သည့် ဗဟိုဘဏ်ဒုဥက္ကဌ ဦးဝင်းသော်က ပြောဆိုထားသည်။
သို့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ မှ ၈ ရက်အထိ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ်နှင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များသည် ငွေအမြောက်အမြားထုတ်ယူမှုရှိခဲ့ကြောင်း၊ စစ်တပ်အနေဖြင့် ဗဟိုဘဏ်မှ ငွေကြေးထုတ်ယူသည့်ပုံစံမျိုးမတွေ့ရကြောင်း CDM ပြုလုပ်နေသည့် ဗဟိုဘဏ်ဝန်ထမ်းများက ဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာသိမ်းယူထားသည့် စစ်ကောင်စီကို ဆန့်ကျင်သည့် ဆန္ဒပြမှုများကို နိုင်ငံတစ်ဝန်းပြုလုပ်လျက်ရှိနေပြီး အစိုးရဝန်ထမ်းများအနေဖြင့် CDM လှုပ်ရှားမှုတွင်ပါဝင်ရန် အလွှာပေါင်းစုံမှ စစ်အာဏာရှင်ဆန်ကျင်သူများက တိုက်တွန်းနေကြသည်။
ပြီးခဲ့သည့်ရက်များကလည်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြသူများက ၀န်ထမ်းများ “ရုံးမတက်ဘဲ ရုန်းထွက်ရန်” ရန်ကုန်ရှိ ဗဟိုဘဏ်ရုံးရှေ့တွင် တောင်းဆိုဆန္ဒပြခဲ့ပြီး စစ်တပ်က သံချပ်ကာကား ချထားကာ လုံခြုံရေးယူထားခဲ့သည်။
အင်တာနက်စာမျက်နှာပေါ်သို့ ရောက်လာသော အများစိတ်၀င်စားနေကြသည့် တယ်လီဖုန်းပြောဆိုမှု မှတ်တမ်းတစ်ခုတွင် ရုံးဝန်ထမ်းများ ရုံးမတက်ဘဲ ပြတ်ပြတ်သားသား အာဏာဖီဆန်ကြသောကြောင့် ဌာနဆိုင်ရာများတွင် ဦးစီးအရာရှိများ လုပ်ငန်းခွင်အခက်အခဲနှင့် ရင်ဆိုင်နေရပုံမှာ ထင်ထင်ရှားရှား ပေါ်လွင်နေသည်။. (myanmar.org)


Posting Komentar
Posting Komentar